Wednesday, September 23, 2009

နာမ များနဲ့ နိစ္စဒူဝ



.....ညည့်သန်းခေါင်ယံ...လေပြည်ညှင်းကြား...မျောလွင့်သွားတဲ့..လရောင်တန်းရဲ့..တစ်ဒေသကို..အနန္တတံတိုင်း...
.....ပရ၀ုဏ်ကြီး......အာရုံဖြန့်လို့.......စိတ်တွေ ရွက်လွှင့် .....လိုက်ရှာနေရင်း.... ကြယ်တွေကြားမှာ ..ယဉ်ယဉ်လေးနဲ့..... လှတဲ့ မင်း ကို ..မျှော်လင့်မထားပဲ တွေ့လိုက်တယ်.........

သာယာ ငြိမ့်ညောင်းတဲ့ ကိုလွှမ်းမိုး သီဆိုထားခဲ့တဲ့ သီချင်းသံလေးကို အဆောင်ဘေးက မြက်ခင်းပြင်လေးမှာထိုင်လို့ နားထောင်နေမိပါတယ်..... ဒီညရဲ့ ကောင်းကင်မှာ ကြယ်တွေ စုံလို့ လရောင် လင်းလင်းလေး ရယ်.......

ပြီးတော့ လေညှင်း အေးအေးလေး တွေက သစ်ရွက်ကလေး တွေကို ချော့မြှူရင်း လမင်းကျွေးတဲ့ အဟာရ အလင်းရောင် ဖျော့ဖျော့အောက် မှာ မြူးတူး ပျော်ပါးနေစေ လေရဲ့...တော်တော်သာယာလှပတဲ့ ကြယ်စုံ ညလေးတစ်ညပါလား..

လှလှပပ ညလေး အောက်မှာ တောက်ပနေတဲ့ ကြယ်ကလေးတွေ ကို မော့ကြည့်နေတုန်း သူတို့ကို နာမည်လှလှလေးတွေ လိုက်ရွေး ပေးနေချင်စိတ်ပေါက်လာ မိရင်းက အဲ့ဒီ့ နာမည်လှလှလေးတွေကို သဘောကျမိတယ် ဆိုထားတဲ့ သူငယ်ချင်း ပွင့်မြူးဇင် တစ်ယောက် ကြူးရင့် ထားတာ လေးကို သွားသတိရမိတယ်.......

အော်..ကြယ်ကလေးတွေကို နာမည် လှလှလေးတွေ ပေးရင်း ရေရွတ်နေမိရင် ၀သုန်မြေစောင့် ငိုချင်း ဖွဲ့ ရအောင် ဆူညံ သွား လေ မလား ..ကြယ်စုံ ည လေးရဲ့အလှတရားက ရော ဥပေက္ခာတရားတွေ ရက်ရက်ရောရော ချွေချနိုင်ပါ့မလား...

ဒွိဟ လှေကားထစ်ကလေးတွေကို တဆင့်ချင်း ဆက်ရင်း စီရင်း ကောင်းကင်ကကြယ် ကလေးတွေရဲ့ ကြားကို အရောက် စိတ်တွေလွင့် မျောနေလိုက်တာ ..လွင့်ပါး သွားလိုက်တာ....

ကြယ်တွေစုံတဲ့ ညခင်း
လမင်းလည်း ထိုးထွင်း ဆဲ
ပျိုးခင်းထဲက ပန်းလှလေးတွေလို
မှန်းဆရင်း နှုတ်က ဆိုချင် မိရဲ့
ညိုညင်နဲ့ ၀သုန်မြေစောင့် ရယ်
ကုန်လေအောင် တဖွဖွ ကြူးပါရစေ
ထူးသမျှ နာမ တော် လှလှလေးတွေလို့
ရသမျှတွေးရင်း စိတ်လွင့်ပါး နေလိုက်တာ
လေတိုက်လို့ သစ်ရွက်သံတွေကြားတော့မှ
နားတော့ကာ အသိကပ်မိတယ်
မှတ်မိသလောက် ပြန်ရွတ် ပြရရင်
အမှန်လွတ်မယ် မရှိဘူး ထင်ပါ့
ရင်ကလာတာ နာမည် အားလုံး နှစ်လုံးတည်းနဲ့..ချုံ့လို့ ပညတ်မယ် ..
ရုပ် ရယ် နာမ် ရယ် .....တဲ့...........။ ။

ဒွိဟလှေကားထစ်ကလေးတွေကို တဆင့်ချင်း ဆက်ရင်း စီရင်း ကောင်းကင်ကကြယ်ကလေးတွေရဲ့ ကြားကို အရောက် စိတ်တွေ လွင့်မျောနေလိုက်တာ ..လွင့်ပါး သွားလိုက်တာ....နာမည်တွေ စဉ်းစားရင်းနဲ့ ပေါ့...

သီချင်းသံလေးတောင် မကြားတော့ပါလား..အင်း...ကြယ်ရောင်တွေရယ်..လရောင်ရယ် ...ပြန်ငုတ်လျှိုး သွားပြန်ရင် တဖန် နေ့သစ် တစ်ခု စဖို့ ရှင်နေမင်းကြီးလင်းလာဦးမယ်..

အမည်နာမ တွေ နဲ့ အရောင်စုံ အသွေးစုံ လောက သဘာဝကြီးထဲမှာ နေ့တဒူဝ အခန်းရပ် ဇာတ်တွေ ...နိစ္စဒူဝ တွေ ဟာလည်း ရောင်နီပျိုး နိုးထ လာမယ့် နေမင်းကြီးနဲ့ အတူရှင်သန် လှုပ်ရှား သက်ဝင် လာကြ ဦးမှာပါလား...နိစ္စဒူဝတွေရဲ့ စည်းချက် ရိုက်သံတွေကြားမှာ ကခုန် ရင်း ဇာတ်လမ်းတွေ မှတ်တမ်းတွေ ကို အရောင်ခြယ် ကန့်လန့်ကာဖွင့်ကြရဦး မှာပေါ့လေ.. ဒီတော့ မနှင်း တစ်ယောက် ခံစားဖွဲ့ဆို ခဲ့တဲ့ နိစ္စဒူဝ လေးက အသိတရားထဲကို စီးမျောလာတယ် .....
ဟုတ်တယ်....တစ်နေ့ကို တစ်မျိုး မရိုးနိုင်အောင် ကိစ္စတွေများစွာနဲ့ ဖြတ်သန်းနေရတဲ့ ...အဲ့ဒီ့...နိစ္စဒူဝ...




နိစ္စဒူဝ...
စိတ်က လူက တကယ် မနား
ဘယ်များ ရောက်နေလဲ ဆိုတဲ့ ပန်းတိုင် ကိုမျှော်သူမျှော်
အရမ်းခိုင်လို တယ် ဆိုတဲ့ သံယောဇဉ်တွေ ကွဲသူကွဲ
လဲသူလဲ လို့ ပြန်ပြန်ထရင်း ဖေးသူကလည်းဖေး
ပြေးသူကလည်းပြေးရင်း ခရီးမပေါက် တာတွေရှိလေရဲ့
ကြည့်နေကြည့်နေရင်းနဲ့ ပျားပန်းခတ်
မနားတမ်း မပြတ်တဲ့ နေ့တဒူဝ
ရှေ့အပူက မရှိ သူတွေကလည်း ပေါ မှပေါ
ပြောကြပြော လို့ သတင်းစုံ
ငြင်းခုန်သံတွေကလည်း ဆူဆူပွက်
ပူသူအခက် တွေ့နေချိန်မှာ ပျော်သူကတော့ရွှင်ကြ
ရင်က မလာပဲ ပြောကြတဲ့ ဝေါဟာရ အသစ်အသစ်တွေကြား
ညစ်ညစ်ပေရေနေတဲ့ အစွန်းအထင်းတွေလည်း မဆုံးဘု
အပြုံးတုတွေ ရောင်းစားနေကြသူတွေ များများလာတော့
မှားမှားကာ အပစ်တွေတင်တတ်လာတယ် စင်ကြယ်တဲ့ နှလုံးသားပိုင် တွေကို
အမုန်းများ တလှိုင်လှိုင် ရက်ရောတတ် လာကြပါလား
ထာဝရ ပြောလို့ ဘယ်လိုမှ မဆုံးနိုင် တဲ့ မပြီးနိုင်တဲ့ တဲ့ အဲ့ဒီ့..အဲ့ဒီ့...
စိတ်က လူက တကယ် မနားကြရတဲ့
နိစ္စဒူဝ များ အလယ် ကြားမှာပေါ့ လေ......။ ။


(ကျွန်တော့် ရင်ထဲ က လာတဲ့ အတိုင်း အစ်မ မနှင်း (နှင်းနဲ့မာယာ) နဲ့ သူငယ်ချင်း ပွင့်မြူးဇငရဲ့ Tag Posts လေးတွေ ကို စာစုလေးအဖြစ် ဖန်တီး လိုက်ခြင်းဖြစ်ပါတယ်...အဆင်ပြေသလို နားလည် ခံစားပေးပါလို့.လေးစားစွာ ခွင့်ပန်ပါရစေခင်ဗျာ)

မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com



17 ယောက်ရဲ့အမြင်:

နှင်းနဲ့မာယာ said...

ကိုဖြိုးရေ
ပထမဆုံး မန့်ရပြန်ပီ....
ကျေးဇူးနော် တက်ဂ်ပို့စ်လေးကို သတိတရနဲ့ရေးပေးတဲ့အတွက်ပေါ့...

လွှမ်းမိုးသီချင်းလေးကြိုက်တယ်
ဒီတစ်ခါဆုံရင်ဆိုပြရတော့မယ် ဟဲဟဲ...
ဒါလဲအကြွေးတစ်မျိုးပေါ့...မှတ်ထားတယ်.
..

ကိုဖြိုးရဲ့ နိစ္စဓူဝလေးထဲမှာ
ကြယ်ရောင် လရောင်ရယ် သီချင်းလေးရယ်...
ပီးတော့ စက်ရုပ်တွေလို မရပ်မနား အလုပ်များနေတဲ့ လူတွေရယ်...
အချစ်လှိုင်း အမုန်းလှိုင်းလုံးတွေရယ်...
စုံစုံလင်လင်တွေ့ရတယ်...

ကျေးဇူးနော်....

နှင်း

Waing said...

စာဖတ်နေတုန်းပဲရှိသေးတယ် နံပါတ် ၁ကို မနှင်းက ဦးသွားတယ် :)

Waing said...

ကဗျာ၂ပုဒ်လုံးသဘောကျတယ်

Anonymous said...

ရေးထားတာလေး ဖတ်လို့ကောင်းပါတယ်...။
နောက်ဆုံး ကဗျာလေးကို သဘောကျမိတယ်။

ပြေးရင်း ခရီးမပေါက်ခဲ့ဘူးဆိုရင် ရည်မှန်းထားတဲ့ ပန်းတိုင်ဆီမရောက်တာတောင်မှ ပြေးလမ်းဘေးက အားပေးလက်ခုပ်သံတွေကြားခဲ့ရတာကိုပဲ ကျေနပ်ပေးလိုက်ပေါ့နော်...


မေသစ္စာမောင်

linn said...

နိစ္စဒူဝ လေးက ကောင်းတယ် ..တကယ် နိစ္စဒူဝများအလယ်ကြားမှာပေါ့လေ .....အဓိပ္ပါယ်အများကြီး ရှိတယ်နော် ..
နံမည်လှလှလေးတွေဆိုလို့လဲ စိတ်ဝင်စားသွားတာ နောက်ဆုံးတော့ ရုပ်နဲ့ နာမ်ပဲရှိတာပေါ့ ..မှန်တယ် ..ကဗျာနှစ်ပုဒ်လုံး အဓိပ္ပါယ်တွေနဲ့ချည့်ပဲ..

Nyi Nyi said...

နိစ္စဓူဝလေးထဲမှာဒါပြန်တွေ့တယ်။
သေဆုံးသွားတဲ့ဝိဥာဏ်တွေက..ဒါကိုငြင်းကြတယ်
သူတို့တစ်နေ့တစ်လံသွားခဲ့ကြတယ်..
ပုဂံကိုသွားပြီးမရောက်ခဲ့လိုက်ရတဲ့ခြေရာတွေ။

စကားလုံးတွေကိုဘယ်လိုသင်ကြားခဲ့လို့ ...လှလှပပထွက်ကျလာရတာလဲဗျာ။ နေကောင်းပါစေ။

သူကြီးမင်း (တုံးဖလား) said...

ကဗျာဖတ်ရင်း စာဖတ်ရင်းနဲ့ စိတ္တဇဖြစ်ချင်စိတ်ပေါက်သွားတယ်။ ရုပ်နာမ်တွေကို အဟုတ်အမှန်မြင်ရင်တော့ သုဿာန်ကို ကြောက်ဖို့ မလိုတော့ဘူးပေါ့။

စိတ်ကူးယဉ်စဉ်းစားတင်ပြထားတာလေးတွေက ဂန္ထ၀င်မြောက် လွမ်းဆွေးဖွယ် ကဇာတ်တစ်ခုကို ကြည့်နေရသလိုပါဘဲ။

Anonymous said...

အင်း တဂ်ပို့စ်လေး ဖတ်သွားပါတယ်နော် ကိုဖြူကြီးရေ ဘိုင် တာ့တာ

ခင်တဲ့ညီမငယ်
ဝံလေး

Anonymous said...

တခုနဲ့တခုဆက်စပ်သွားတာ လှလိုက်တာ၊ စကားလုံးလှလှတွေ ရင်ထဲမှာ သိုလှောင်ထားနိုင်တာ အားကျတယ်၊
ကောင်းကင်ကြီးကို ငေးနေရင်း၊ လတွေကြယ်တွေကြည့်ရင်း စကားလုံးလှလှလေးတွေ ချွေချနေတာပေါ့နော်၊ အေးချမ်းလိုက်မယ့်စိတ်။
လရောင်တွေပျောက် ကြယ်တွေမရှိတဲ့နောက် နေမင်းကြီးရောက်လာတော့ စာရေးသူရဲ့ စိတ်က ဒီညကို မကုန်ဆုံးချင်တဲ့စိတ်နဲ့ နိစ္စဒူဝကို သွားတွေးမိရာက နိစ္စဒူဝကြားမှာ နစ်မျောနေတဲ့သူတွေဆီ အာရုံရောက်သွားတဲ့အခိုက် ရင်ထဲမှာ ပြောချင်တာလေးတွေကို ကဗျာလေးနဲ့ ရေးလိုက်တာပေါ့လေ။
အင်း... အဲဒါပဲလေ ဘ၀တွေဆိုတာ၊ စုန်ဆန်မျောရင်း ပန်းတိုင်မရောက်မချင်း ဆက်လျှောက်ပေါ့။

အေးချမ်းသောစိတ်တွေ အမြဲပိုင်ဆိုင်နိုင်ပါစေ။

မငုံ said...

ကောင်းတယ် ကိုဖြိုးရေ.. မနှင်းပြောသလိုပဲ နောက်တခါကျရင် လွှမ်းမိုးပဲနော်။။ဒါပဲ :)

Angel Shaper said...

ကိုဖြိုးးးးးရေ...
အခုမှရောက်လာတယ်ဟာ။
ကိုဖြိုးးးးရဲ့ ကဗျာဆန်ဆန် ရုပ်၊ နာမ်များနဲ့  နိစ္စဓူဝလေး လာဖတ်တယ်။
ပျော်ရွှင်ပါစေနော်။

မိုးစက်အိမ် said...

အစ်ကိုပို.စ်လေး ဖတ်ရတာ ကဗျာတစ်ပုဒ်ကို ဖတ်ရသလိုဘဲခံစားမိတယ်ဗျာ အစ်ကိုရေးတဲ. အရေးအသား တွေက အလိုများဖြစ်လို.လားတော.မသိဘူး
အားပေးလျက်ပါ အစ်ကိုရေ ...

သူကြီးမင်း (တုံးဖလား) said...

ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံ လာနားထောင်တာ။

မချစ်ရ said...

ကဗျာလေး၂ပုဒ်နဲ့
အတူတွဲဖက်ရေးတဲ့စာက
လိုက်ဖက်ပါတယ်

မချစ်ရ said...

ကဗျာကိုတော့
နားလည်သလို
ဖတ်သွားပါတယ်..နော်

emayarKhin said...

ကဗျာ ၂ ပုဒ်လုံးအရမ်းကောင်းတယ်....

မိုးခါး said...

သြော်သြော် 2 + 1 :P
နာမက ရုပ်ရယ် နာမ်ရယ်ပဲပေါ့ ..
တကယ်ပဲ ကောင်းပါတယ် ..း))