Thursday, August 27, 2009

နေမ၀င်မီ

ဒီညနေ နေ၀င်ချိန်လေးရဲ့ ဆည်းဆာအလှတရားကို ပင်လယ်ကမ်းစပ် တစ်နေရာကနေ ခံစားနေမိတယ်။တစ်ချက် တစ်ချက် ငွေရောင်လှိုင်းဖွေးဖွေး တွေက တ၀ုန်းဝုန်းနဲ့ သဲသောင်ပြင်ပေါ်ကို အရောက် ပြေးပြေး တက်လာနေကြတာ ညနေ ဆည်းဆာ ချိန်ဆိုတော့ တော်တော်လေး ပနာသင့်လိုက်ပါဘိ။ဒီလိုကြည့်နေရင်းကနေပဲ နေလုံးနီနီကြီးကနေ တဖြည်းဖြည်း လိမ္မော်ရောင် ဖျော့လို့ တအိအိနဲ့ ဆင်းသွား လေရဲ့...မှောင်စပျိုးပြီ..နေမင်းရဲ့ အလှည့်ပြီးတော့ ညခင်းမှာ လမင်းဟာ တကျော့ပြန် အရောင်တောက်လာဦးမှာပဲ..ဒီလိုကြည့်နေရင်းကြည့်နေရင်းကနေ အတွေးလေးတစ်ခုက ခေါင်းထဲကို ဖြတ်ခနဲဝင်လာတယ်....

မေတ္တာစစ် မေတ္တာမှန် နဲ့ ခွင့်လွှတ်သည်းခံစိတ် တဲ့....ဘယ်လို ပတ်သက်နေလို့ ဒီလို သွားဆက်စပ် နေမိပါလိမ့်လို့ ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်ပြန်မေး ကြည့်တော့...ဟုတ်တယ်...နေမင်းကြီးနဲ့ လမင်းကြီး ကို မေတ္တာစစ် ၊ မေတ္တာမှန် ကို ပေးစွမ်းနိုင်သူတွေ လို့စိတ်ကူးပြီး တင်စား မြင်ယောင်ကြည့်မိတယ်..သူတို့က သူတို့ အလင်း သူတို့စွမ်းအင်ကို အယုတ်အလတ် အမြတ်မရွေး သာတူညီမျှ တတ်စွမ်းသလောက် အကျိုးပြု ပေးနိုင်တယ်....နေမင်းရဲ့အစွမ်းကြောင့် နွေးထွေး မှု ရလို့ ကျေးဇူးတင်ဝမ်းမြောက်သူတွေ ဒါမှမဟုတ် ဒင်းကြောင့် ငါတို့ အပူဒဏ်ကို တော်တော်ခံနေရတယ် ဆိုသူတွေ စလို့ ဘယ်လို ဝေဖန်မှု တုန့်ပြန်မှုတွေ ရှိရှိ သူ့ဝတ္တရား သူမပျက်ဆက်လက်ချီတက်နေခဲ့တာ နှစ်သန်းပေါင်းများစွာရှိခဲ့ပြီ ဆိုပဲ....

ညရောက်မှာကြောက်တယ်၊ညကိုမုန်းတယ်...လ ကို မုန်းတယ်ဆိုဆို ၊ လရိပ်ရောင်ဟာ အေးမြတယ် လို့ ပြောပြော ဖိုးရွှေလ ချော ကလည်း သာမြဲ သာလျှက် သူချီတက်နေလေရဲ့.....

ဒါဆိုရင် မေတ္တာစစ်စစ် ထားတတ်ကြတဲ့ မေတ္တာတရားကြီးမားသူတွေကရော ဘယ်လို စိတ်ထားမျိုးတွေနဲ့ ဘ၀ကို ဖြတ်သန်းနေကြပါလိမ့်...လို့ ...တွေးရင်းတွေးရင်း...တွေးနေရင်း....ဒီလို မေတ္တာတရားနဲ့ပတ်သက်တာလေးက စိတ်ကူးထဲကို ၀င်ရောက်လာတယ်...အင်မတန်မှ မွန်မြတ်သန့်စင်တဲ့ မေတ္တာတွေပါ.သည်းခံခြင်းတွေပါ..ဘာသာတိုင်းမှာ ကိုးကွယ်ရာ ဘုရားသခင်အပေါင်းတို့ နဲ့ တကယ့် သူတော်စင် အပေါင်းတွေမှာ ကတော့ ဒီလို မေတ္တာတရား မျိုးကို ရင်ထဲမှာ အစဉ် ပွါးများကိမ်းဝပ် နေကြပါတယ်။နောက် မြင့်မိုရ်တောင်မက ကြီးမားတဲ့ ဂရုဏာများနဲ့ ကျေးဇူးရှင် မိဘတွေ တော်တော်များများ မှာလဲ ရှိနေတတ်ကြပါတယ်.....

ဒီလို မေတ္တာမျိုးတွေ သည်းခံခြင်းမျိုးတွေ အားလုံး ဒါမှမဟုတ် တစ်ချို့တစ်လေ လောက်ကို ကျွန်တော် ဒီနေ့ ဘယ်သူ့ကို ပေးခဲ့မိပါလိမ့် ၊ ဘယ်သူ့ဆီကရော ဒီလို မေတ္တာ တရား တွေ သို့မဟုတ် အဲ့ဒီ့ထဲက တစ်စိတ်တစ်ဒေသလေးနဲ့ ခွင့်လွှတ်သည်းခံခြင်းကို ဘယ်သူ့ဆီက ကျွန်တော်ရခဲ့ပါလိမ့် လို့ ..ပြီးတော့ ချစ်သူတွေ..ချစ်သူတွေကြား ....သူငယ်ချင်းတွေ ကြားထဲမှာ ..မိတ်ဆွေ ဆိုတာတွေ....ညီအစ်ကိုမောင်နှမတွေကြားမှာ.....စလို့စလို့..ပြားပန်းခပ်နေတဲ့ စိတ်ကူးအတွေးတွေ လွင့်ပါးရင်း ပင်လယ် ကမ်းစပ် က နေ တဖြည်းဖြည်း နိမ့်ဆင်းကျသွားတဲ့ နေမင်းကြီးကိုစိုက်ကြည့်လို့.......ပင်လယ်ပြင် နဲ့ ကောင်းကင်ကြီးတို့ နှုတ်ဆက်ထိမိ နေတယ်လို့ထင်မှတ်ရတဲ့ ဟိုး အဝေးကြီးကနေရာ လေးကိုငေးနေမိရင်း....

မေတ္တာတရားနဲ့ သည်းခံခြင်းတရားကို မြဲမြဲခိုင်ခဲ့ကြသူတွေ၊မြဲမြဲခိုင်နေကြသူတွေ ကိုလည်း စိတ်ထဲကတွေးလို့ လေးစားနေမိပါတော့တယ်ခင်ဗျာ....
ပြီးတော့မှ နှုတ်ကနေ ဖွဖွလေး ရေရွတ်နေမိတဲ့ စာစုလေး..မေတ္တာရှင်တွေ သည်းခံတတ်သူတွေ
တကယ်ဒီလိုပဲ ရေရွတ်ခဲ့ ကြ လား တော့ မသိ..သူတို့ရင်ထဲအထိ ၀င်သွားကြည့်ရင်တော့ ဒီလို တွေ့ ရမယ် ထင်မိပါရဲ့လေ......


ငါ့ကိုစိတ်တိုအောင် မင်းဘယ်လိုလုပ်လုပ်

စိတ်ဆင်းရဲအောင် ဘယ်လိုဖန်ဖန်
လောကဒဏ်တွေ ရိုက်ပုတ်လို့ ငါပန်းနေတယ်
ဒါပေမယ့်...မင်းအပေါ်မှာ ငါလေ ဘယ်တော့ မှ စိတ်မတို တတ်ခဲ့ဖူး....

ငါ့အကြောင်းကို မင်း လှည့်ဖျား
ကျေးဇူးတရားတွေ ကို မြေမှာနင်း
ငါ့ဘ၀ကို ခင်းပေးရခဲ့တယ်
ဒါပေမယ့်..ငါ မင်း ရဲ့ ကျေးဇူးတရားတွေ ကို အမှတ်ရနေပါတယ်......

ငါ့ အပေါ်မင်း ၀န်တို
ညိုညင်တဲ့ စိတ်နဲ့ လိုချင်တဲ့ အရိပ်တွေ မရလို့လား
စိတ်တွေ ကစားတတ်တဲ့ မင်း.. ငါ့ အတင်းကို မကောင်းပြောတယ်
ဒါပေမယ့် ..ငါ မင်း နဲ့ ဘယ်တော့မှ ဂုဏ်ပြိုင်ခြင်းအလျင်းမရှိ အရှုံးပေးနေမိပါရဲ့......

ငါ့ရှေ့မှာ မင်းအောင်မြင်မှုတွေ အရောင်တောက်
ပြောင်မြောက်လှပါလား မင်း အစွမ်းတွေ
မှန်းနေရင်း စိတ်ထဲမှာ မင်းရဲ့ ရှုံးသူကိုကြည့်တဲ့အကြည့်
ဒါပေမယ့် ..ငါ သိတယ် မင်းကိုနိုင်ဖို့ ဘယ်တော့မှ ၀ါကြွားမှာမဟုတ်ဘူး......

ငါ့စိတ်မှာ လှိုင်းမထန်ဘူး
အရိုင်းမခံဘူး မင်းအတွက်
ငြင်းခက် ကောင်း ခက်ပေလို့ ရတက်ပွေရချင်ပွေ
ဒါပေမယ့်...မလျောက်ပတ်ခြင်း မဟုတ်မှန်ခြင်းကင်းစေရမယ်..

ငါ့ အတွက် ရေအေးတစ်စက်ဟာ
ငွေကြေးရမ္မက် ကြောင့်ဆိုရင် နောက်ဆုံးတစ်စက်
ငါမလျှက်တော့ဘူး မင်းသွန်ချလိုက်ပါ
ဒါပေမယ့် ...ငါကိုယ်ကျိုး မရှာ မင်း မနာစေရဘူး....

ငါ့ ရင်ကို နာကျင်စေတဲ့စကား
ငါမြင်တယ် မင်းရဲ့ အမုန်းမီးတောက်ရဲရဲ
ဆွဲသူမရှိလဲ ငါ အကျွမ်းခံပါတယ် ငါ့နှလုံးသား
ဒါပေမယ့်..ငါ့ရင်က အမျက် မင်းအတွက် ဘယ်တော့မှ ငါမထွက်ဘူး.....

ငါ့..ဘ၀ ကျိုးကြေ မင်းနင်းခြေ ခဲ့
မင်းအတွက်တော့ အပျင်းပြေစေတယ်တဲ့
အရင်းတွေ တကယ်များလှပါတယ် ငါ့အတွက်
ဒါပေမယ့်..မင်း မှာ အပြစ်မရှိဘူး..ငါခွင့်လွှတ်တယ်......

ငါ ပေးဆပ်ခဲ့ရတာ နှစ်ပေါင်းမနည်း
အပြစ်ပေါင်းလည်း ခဏခဏ အပေးခံ
ချွေးပြန်လို့ စိတ်မော ရတာ ခဏခဏ
ဒါပေမယ့်..မင်းအတွက် ခပ်သိမ်းသောအရာ ကို ငါ့မေတ္တာက ဖုံးလွှမ်းပေးလိုက်ပါရဲ့....

ဒီလို ငါ့မေတ္တာစစ်စစ် ငါချစ်တဲ့အချစ်
အနှစ်တော့လုံးဝမမဲ့တာ ငါ့ရင်ကအသိ
ငါ့ပီတိ နဲ့ငါမြူး စိတ်ထဲက ကြည်နူးမိတယ်
ဒါပေမယ့်..
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ သစ္စာမဖောက်ဘူး..
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ မလှည့်ဖျားဘူး...
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ ယုံကြည်ချက်ကင်းခြင်းမရှိစေရဘူး...
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ အရောင်မနွမ်းစေရဘူး...
ငါ့ မေတ္တာကိုထိပါးမယ့် ဖောက်ပြန်ခြင်း သဘောတွေနဲ့ အစဉ်ကင်းလွတ်နေစေရမယ်............. ။ ။

ဒီလို မေတ္တာမျိုးတွေ သည်းခံခြင်းမျိုး တွေကို အားလုံး ဒါမှမဟုတ် တစ်ချို့တစ်လေလောက်ကို ကျွန်တော် ဒီနေ့ ဘယ်သူ့ကို ပေးခဲ့မိပါလိမ့် ၊ ဘယ်သူ့ဆီကရော ဒီလို မေတ္တာ တရား တွေ သို့မဟုတ် အဲ့ဒီ့ထဲက တစ်စိတ်တစ်ဒေသလေးနဲ့ ခွင့်လွှတ်သည်းခံခြင်းကို ဘယ်သူ့ဆီက ကျွန်တော် ရခဲ့ပါလိမ့်....လို့..ပြီးတော့ ချစ်သူတွေ..ချစ်သူတွေကြား ....သူငယ်ချင်းတွေ ကြားထဲမှာ ..မိတ်ဆွေဆိုတာတွေ .ညီအစ်ကိုမောင်နှမတွေ ကြားမှာ ..စလို့စလို့..ပြားပန်းခပ်နေတဲ့ စိတ်ကူးအတွေးတွေ လွင့်ပါးရင်း ပင်လယ်ကမ်းစပ်က နေ တဖြည်းဖြည်း နိမ့်ဆင်းကျသွားတဲ့ နေမင်းကြီးကို စိုက်ကြည့် လို့ .......ပင်လယ်ပြင် နဲ့ ကောင်းကင်ကြီးတို့ နှုတ်ဆက် ထိမိနေတယ်လို့ထင်မှတ်ရတဲ့ ဟိုး အဝေးကြီးက နေရာလေး ကို ငေးနေမိ ရင်း ....သတိထားမိတယ်.....တဖြည်းဖြည်း နဲ့ မှောင်တောင်မှောင် လာပြီပဲ..လမင်းကြီးတောင် တကျော့ ပြန်ပေါ် လာ နေ ပြီ .... ပင်လယ် ကမ်းစပ်မှာ တိုက်ခတ်တဲ့ လေနု အေး လေး တွေကလည်း ရင်ထဲကို အေးမြ သွားစေတယ်......ဆက်လက် တိုက်ခတ် နေပေးပါ လေနုအေးလေး တွေရယ် .......ကြည်နူး စရာ ကောင်းလှပါတယ်..... / /

မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

22 ယောက်ရဲ့အမြင်:

သူကြီးမင်း (တုံးဖလား) said...

နံပါတ် ၁

သူကြီးမင်း (တုံးဖလား) said...

အတွေးလေးတွေကကောင်း အရေးလေးတွေကလဲကောင်း
လာလည်ချင်တဲ့သူတွေ ချောင်းနေကြလေရဲ့ ။
ဒါပေမဲ့
နေမ၀င်မီ ဒေ၀ပုတ္တမာရ်ကို အောင်မြင်နိုင်ရင်တော့ အကောင်းသားနော်။ အဟဲ။ နေမ၀င်မီဆိုတော့ ဗုဒ္ဓ၀င်ကို သတိရသွားလို့။

မြစ်ကျိုးအင်း said...

ဒီအတွေးလေးကို အလေးအနက်ထားမိတယ်။

နေရာင်ခြည်ကို ပူတယ်လို့ ယူဆတဲ့သူတွေအတွက်
တွေးမိတာက မေတ္တာဓါတ် နည်းနေတာနဲ့တူပါရဲ့....။

သူတထူးရဲ့ ကျေးဇူးကို ရှာကြံတွေးပြီး အလေးအနက်ထားတတ်တဲ့ လူတွေများလာရင် ပိုပြီး ကောင်းမွန်တဲ့ နေပျော်ဖွယ် လူ့ဘောင်တခု ပေါ်လာ မှာပဲ
လို့ဆက်စပ်ပြီးတွေးမိတယ်။

အကောင်းမြင် ၀ါဒ သမားတွေ ပိုပြီး များစေချင်တာပါပဲ။

ကျောပိုးအိတ် said...

နှိုင်းတတ်တယ်နော်။ နေမင်းနဲ့ ပင်လယ်လို လူတိုင်းမေတာ တရားကြီးမားမယ်ဆို ဂွတ်တာပေါ့။

ဒါမယ့်လေ လူတိုင်းတော့ ရှိမှာဟုတ်ဘူးနော်။
ဘာလို့ လဲဆိုတော့ လူတော်တော်များများက အရိယာသူတော်စင်မှမဟုတ်တာ။

ဒါမယ့် ကြယ်ဖြူခံစားတင်ပြသွားတာ တော်တော်ကောင်းတယ်။ ခိုင်းနှိုင်းပြတာလဲ သဘာဝကျတယ်။

နောက်ထပ် ကောင်းကောင်းလေးတွေမျှော်နေတယ်နော်။
ကိုယ်မရေးနိုင်တိုင်းသူများကို ချောက်တွန်း အဲလေ အားပေးနေတယ်။

သြော် နေမကောင်းနေတာလား။ ဒီလိုမှန်းသိရင်
မုန့် တွေနဲ့ လာသတင်းမေးပါတယ်။ သတင်းမေးပြီးရင် ယူလာတဲ့မုန့် ပြန်ကျွေးနော်။

ခင်တဲ့
ကျောပိုးအိတ်

နှင်းနဲ့မာယာ said...

ကိုဖြိုးရေ
နေမကောင်းဘူး ပြောပြီး
ကမ်းစပ်သွားထိုင်နေတာကိုး...
အတွေးလေးတွေ အရမ်းလန်းတယ်သိလား...
ကမ်းစပ်ကိုတော့ ခဏခဏ မသွားနဲ့နော်..
တော်ကြာ အကျွတ်တရားရသွားအုံးမယ်...
နောက်တာနော်...
ကိုဖြိုးရေးတဲ့ အကြောင်းအရာ ပိုင်းလေးတွေကို တကယ်နှစ်သက်ပါတယ်....
ဆက်ရေးနော်..

မနှင်း

မိုးခါး said...

တွေးမိသွားတယ် အကိုရေ
သေချာတာတော့ ညီမ နေလို လလို မကျင့်နိုင်သေးတာပဲ
ပုထုဇဉ်ကိုး နော်း)

ကြည်ဖြူပိုင် said...

သြောနေမကောင်းဘူးလား။။ခုရောကောင်းသွားပြီလား။အဆင်ပြေပျော်ရွှင်ပါစေနော်။
အခုပို့စ်လေးက ပုံလေးနဲ့စာသားလေးနဲ့ကဗျာလေးအရမ်း
းလိုက်ဖက်တယ်။မေတ္တာမှန်နဲ့ခွင့်လွှတ်သည်းခံစိတ်ကိုနေမင်းလမင်းနဲ့နှိုင်းထားတာလဲအတွေးကောင်းလေးပါ.......ဘယ်သူတွေဆီကရနိုင်လဲဆိုတာတွေးတော့
သံသယရှိစရာမလိုတဲ့တခုတည်းသောအဖြေကမိဘဆီကပဲလို့တွေးမိတယ်။

မေဇင် said...

အတွေးလေး အရမ်းကောင်းတာပဲ... ဟုတ်တယ်.. နေ တို့ လ တို့...နေပူလို့ အပြစ်ပြောပြော လမိုက်လို့ မကြိုက်ဘူး ဖြစ်ဖြစ်...သူတို့ တာဝန် သူတို့ ထမ်းဆောင်နေတာပဲနော်...။နောင့် တို့ အဲ့လို ကျင့်ရမယ် ..ဒါပေမယ့် မဖြစ်နိုင်သေးဘူ.... ခုလောလောဆယ်ပေါ့..။

ဇော် said...

ကိုကြယ် ..
အတော်ကြာမှ ဖတ်ရတဲ့ စာမူဆိုပေမယ့်
တစ်ခါဆို တစ်ခါပဲ တန်ဖိုးရှိတယ်ဗျာ။
အတွေးကောင်းလေးတစ်ခုအဖြစ် ကျနော်တော့ ကြိုက်သွားတယ်။
ကိုယ့်မေတ္တာကို သစ္စာမဖောက်တာ အကောင်းဆုံးပဲဆိုပြီး အတွေးတစ်ခုရသွားတယ်။ =]

Anonymous said...

မောင်လေး နေမကောင်းဘူးလား။
တန်ဘိုးရှိပါတယ် မောင်လေးရေ။
မေတ္တာစစ်နဲ့ ခွင့်လွှတ်တတ်တဲ့ စိတ်လေးကို လေးစားပါတယ်။

မိုးစက်အိမ် said...

အင်းကိုကြယ် လည်း နေ၀င်ဆည်းဆာ လေးကြည်.ပြီး
အတွေးတွေ ပွား လိုက်တာ စာလုံးတွေတောင်
ကဗျာဆန်သွားတယ် ... ဟုတ်တော.လည်း
ဟုတ်ပါတယ် စဉ်းစားစရာပါ ကိုကရော ဘယ်လူတွေကို
အလိုပေးခဲ.ဖူးပြီးလည်း ကို.ကိုရောဘယ်လူတွေကပြန်
ပေးဘူးလည်းကိုပေါ. ... မိဘ တော.မပါဘူးပေါ.
မိဘတွေက အနှုင်း မဲ.တွေပါ ...

ဝက်ဝံလေး said...

ကိုဖြူကြီးရေ အတွေးလေး နဲ့ အရေးလေး ကောင်းလိုက်ထှာ များ စာရေးလာသင်မယ်နော် ဟုတ်လား

သုခုမလေဒီ said...

ကမ်းစပ်က သံဝေဂတရားလေးပေါ့။ ရေးသားထားတာ လေးကောင်းပါတယ်။ အတွေးလေးက ဆန်းသစ်တယ်။ ပန်းချီကားလေးကလည်းသက်ဝင်တယ်။
ဒါနဲ့ စီဗုံးမရှိလို့ မန့် ပဲမန့် သွားတယ်နော်။ အဆင်ပြေပျော်ရွှင်ပါစေ။

မငုံ said...

သိပ်ကောင်းတယ်။ အတွေးလေးတွေ လှတယ် ကိုဖြိုးရေ.

မေသစ္စာမောင် said...

ဖတ်လို့ကောင်းတယ်။
လေးလေးနက်နက်ရှိတဲ့ အတွေးလေးတွေကို စာဖတ်သူရင်ထဲရောက်အောင် ရေးနိုင်တယ်။

နေကောင်းအောင်လည်းနေဦးနော် :)
ကမ်းစပ်မှာသွားသွားထိုင်ပြီး ဟိုတွေးဒီတွေးလုပ်မနေနဲ့အုန်း :P :D

Angel Shaper said...

ကိုဗြိုးးးးးးးးးးး လေးစားချင်လာပြီနော်။ ဟဲဟဲ
နေမကောင်းဘူး ပြောပြီး ရုပ်ကြမ်းကြီးနဲ့ လာလာနွဲ့ တယ်။ ပြီးရင် ကမ်းစပ်သွားသွားထိုင်တယ်။ ဗြဲ ဟဲဟဲ
နောက်တစ်ခါ သနားတော့ဝူးနော်။ ဟင်းးဟင်းးး
အတွေးလေးတွေတော့ အလန်းဗျာ။
တကယ်ကောင်းတဲ့ စာလေး ဖတ်ပြီး ကျေးဇူးတင်သွားတယ်နော်။

yangonthar said...

အတွေးတွေက မေတ္တာနံ့ သင်းသင်းနဲ့ မို့ 
ဖတ်ရသူ ရင်ထဲ ချမ်းချမ်းမြေ့မြေ့ရှိပါရဲ့ ...
အရေးလေးတွေကလည်း ကောင်းလွန်းတာမို့ 
ဖတ်ရတာ အရသာလည်းအင်မတန်ရှိလှပါတယ်
ကဗျာလေးကို အထူးနှစ်သက်မိပါတယ်
မေတ္တာတော် ထိုအကျိုးနဲ့ အေးမြသာယာ
ရှိပါစေ ဗျာ .......

ရန်ကုန်သား :D
(တစ်ပါတည်း Link ဖို့ ခွင့်ပြုပါ)

Unknown said...

အတွေးလေးတွေ ခံစားချက်တွေ ထိတယ်ဗျာ....

စကားလုံးတိုင်းမှာ အားတွေပါတယ်....

ယုံကြည်စွာနဲ့ ဆက်လက်ချီတက်ကြမယ်ဆိုရင်
ငြိမ်းချမ်းအေးမြသွားကြမှာပါ...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

ဆောင်းနှင်းဝေ said...

စာလေးနဲ့ကဗျာလေးကအရမ်းလိုက်ဖက်ပါတယ်.လာပြီအားပေးသွားပါတယ်.....ကောင်းသောနေ့တွေထာဝရပိုင်ဆိုင်နိုင်ပါစေနော်......

Beauty Studio USA Branded Store said...

ကဗျာကောင်းလေးပဲဗျာ။ လာဖတ်တာနောက်ကျသွားတယ်။

ငှက်ငယ်လေး said...

စာေ၇းကောင်းလိုက်တာနော်....

ဖတ်လည်းဖတ်မှတ်လည်းမှတ်သွားပါတယ်နော်

ချော said...

စာအရေးအသားလေးတွေကောင်းလို့ ဘလော့လေးကို သဘောကျမိပါတယ်... ပြင်ဆင်ထားတာလေးတွေလဲ စိတ်ဝင်စားဖို့ကောင်းတယ်.. လင့်ခ်ချိတ်ထားခွင့်ပြုပါလို့ ခွင့်တောင်းသွားပါတယ်.အများကြီးရေးနိုင်ပါစေ..